Monday, January 13, 2014

သိဒ္ဓတ္ထမင်းသားနှင့် သိကြားမင်း



သိဒ္ဓတ္ထမင်းသားနှင့် သိကြားမင်း
*********************

သိဒ္ဓတ္ထမင်းသား တရားကျင့်စဉ် သိကြားမင်းက စောင်းတီးပြီး ဥပမာပြ၍
မလျော့မတင်းကျင့်သင့်ကြောင်း ပြောဆိုညွှန်ကြားခဲ့ရသည်ဟူသော စကားသည် မှန်သလား၊ မှားသလား။

ယင်းအချက်မှာ ထေရဝါဒပိဋကတ်တော်၊ အဋ္ဌကထာ၊ ဋီကာများတွင်
လုံးဝမပါဝင်ပါ။

ဘုရားအလောင်းတော်သည လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်
ပါရမီတော်တို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့ပြီးမှ
နောက်ဆုံးဘဝတွင် သိဒ္ဓတ္ထမင်းသားဖြစ်လာခြင်း ဖြစ်ပါ၏။

ဤမျှပါရမီတော်တို့ကို အရင်းအနှီးပြုတော်မူခဲ့ပြီးမှ
သိကြားမင်းက စောင်းတီးပြမှသာ “လမ်းမှန်” ကို သိသည်ဆိုခြင်းမှာ လုံးဝမဖြစ်နိုင်ပါ။

မြတ်စွာဘုရား၏ ပါရမီတော်များကို ဈေးလျှော့ခြင်း ဖြစ်ပါ၏။

ဘုရားရှင်ထက် သိကြားမင်းကိုဂုဏ်တင်သော ဤဝါဒမှာ
လွတ်လွတ် စွန့်လွှတ်အပ်သောဝါဒ၊ ပယ်သတ်ချိုးနှိမ်အပ်သော ဝါဒသာလျှင် ဖြစ်ပါ၏။

ဤအချက်နှင့် စပ်လျဉ်း၍ ဆရာကြီးဦးတင့်ဆွေ ၏ ဝေဖန်ထောက်ပြချက်မှာ ခိုင်မာပြတ်သားလှပါ၏။

“ဘုရားအလောင်းတော် ဥရုဝေလတော၌ ဒုက္ကရစရိယအကျင့်ကို ကျင့်စဉ်က လွန်ကဲသွားခြင်းကြောင့် တစ်ဖက်စွန်းသို့ရောက်သွားခဲ့သဖြင့်
သေမတတ် ကြုံခဲ့ရသည်။
ထိုအခါ မုချသေလောက်သည့်အဖြစ်ပါပင်။
သို့သော် ပစ္ဆိမဘဝိကပုဂ္ဂိုလ်ဖြစ်၍သာ မသေရခြင်းဖြစ်သည်။

ထိုသို့ပြင်းပြင်းထန်ထန် ကျင့်နေခဲ့သဖြင့်
ထိုအကျင့်အား မသင့်တော်ပါ။ မယုတ်မလွန် ကျင့်သင့်ကြောင်းကို
သိကြားမင်းက စောင်းတီးပြီး ဥပမာပြကာ ညွှန်ကြားပေးလိုက်ရသည်ဟု
လောက၌ အချို့ထင်မှတ်ပြီး “မင်းနှယ်ကွာ . . . မလျော့မတင်း စောင်းကြိုးငြင်းဆိုသလို လုပ်မှပေါ့။ ဘုရားအလောင်းတော် အရင့်အမာကြီးတောင် ဒီလိုပြုကျင့်ခဲ့ရတယ်” စသည်ဖြင့် ပြောဆိုနေခဲ့ကြပြန်သည်။

ဤအလျော့မတင်းဆိုသောစကားသည်လည်း
လောကနှင့်လျော်ညီလှပါသော်လည်း ဘုရားအလောင်းကို သိကြားမင်းက သတိပေးရသည်ဟု စကားထွက်ပေါ်နေခဲ့သဖြင့် ထိုစကားသည် ပါရမီရှင်ကြီးကို ထိပါးပုတ်ခတ်သည့်စကားဖြစ်၍ ဤသို့ မသုံးစွဲသင့်ပါ။

ဘုရားရှင်နှင့်စပ်သော ဤစကားမျိုးသည် စာပေ၌မရှိခဲ့ပါ။
သို့သော် အချို့သောဗုဒ္ဓဝင်၌ ရုပ်ပုံကြီးများဖြင့်ပင် ဖော်ပြနေခြင်းသည်
ဗုဒ္ဓဝင်ဆိုသော ဂုဏ်နှင့် မညီညွတ်တော့ပါ။
လူပြိန်းတို့ကိုလည်း အားပေးရာရောက်သဖြင့် အထက်ပါဝါဒအမှားကို ပယ်စွန့်သင့်ပါသည်။

ဤစကား၏ သဲလွန်စတစ်ခုတော့ရှိပါ၏။
ရာဇဂြိုဟ်ပြည်၍ အလွန်နူးညံ့သိမ်မွေ့လှသောကြောင့်
ခြေဖဝါး၊ လက်ဖဝါးတို့မှာပင် အမွေးပေါက်နေသော
သူဋ္ဌေးသား သောဏရဟန်းပြုပြီးနောက် လုံ့လလွန်ကဲပြီး ဥဒ္ဒစ္စဖြစ်ကာ
ရဟန်းကိစ္စမပြီးနိုင်သဖြင့် စိတ်လျှော့နေစဉ် ဘုရားရှင် ကြွလာပြီး
“စောင်းကြိုးတင်းလျှင်လည်း မကောင်း၊ လျော့လွန်းအားကြီးလျှင်လည်း မသာယာဖြစ်၍ မယုတ်မလွန် ကျင့်သင့်ကြောင်း”
ှုဥပမာပြ၍ ဆုံးမခဲ့ဖူးသည့်အရာသာ ရှိပါသည်။
ဘုရားရှင်နှင့် စပ်လျဉ်း၍ကား မရှိပါ။

လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီဖြည့်တော်မူခဲ့သော ဘုရားအလောင်းသည် သိကြားမင်းက ပညာပေးမှသာ လမ်းမှန်ကိုတွေ့ရှိခဲ့သည် ဟူသော ရေးသားချက်၊ ပြောဆိုချက်နှင့်
ဗုဒ္ဓဝင်ပန်းချီပုံကားချပ်များသည် ဘုရားအလောင်းတော်၏ဂုဏ်ကို ထိပါးရာရောက်သောကြောင့် မပြောသင့်။ မရေးသင့်။
ပန်းချီကားအဖြစ်လည်း မရေးဆွဲသင့်ပါ။


မင်းနန်(မော်ကျွန်း)
အမှောင်မှသည် အလင်းဆီသို့ (နှာ - ၁၁၄,၁၁၅) မှ
ကောက်နုတ်ပါသည်။

No comments:

Post a Comment