ပရိတ်အိုးတွင် မြေစာမြက်၊ ဆီးခက်၊ အုန်းညွန့်များ ထည့်သွင်းခြင်း
*****************************************
ပရိတ်အိုးတွင် ဆီးခက်၊ မြေစာမြက်၊ အုန်းညွန့်၊ သြဇာရွက် စသည်များ
ထည့်သွင်းခြင်းမှ လောကီဆရာတို့က ဖန်တီးခဲ့ခြင်းသာဖြစ်တန်ရာပါသည်။
ပရိတ်အိုးတွင် မြေစာမြက်ထည့်သွင်းခြင်းမှာ
မြေစာပင်ကို တစ္ဆေသရဲကြောက်သောကြောင့်ဟု ဆိုတတ်ကြ၏။
ဆီးခက်ထည့်သွင်းခြင်းမှာ
အချွန်အစူးတွေနှင့် အရံအတားသဖွယ်ဖြစ်သောကြောင့်ဟု ဆိုကြ၏။
အညွန့်တလူလူတက်အောင်
အုန်းညွန့်ထည့်သွင်းခြင်း၊
သြဇာမြဲမြံခိုင်ခံ့အောင်
သြဇာရွက်ထည့်သွင်းခြင်းဖြစ်သည်ဟုလည်း ဆိုကြပါ၏။
ဤသည်တို့မှာ လောကီဆရာတို့၏ အယူအဆသာဖြစ်ပြီး
ထေရဝါဒဗုဒ္ဓဘာသာနှင့် မည်သို့မျှ မတ်သက်ပါ။
စင်စစ်သော် ယုတ္တိလည်း မတန်၊ သဘာဝလည်းမကျသည့်အပြင်
ပရိတ်အိုးတွင် အမှိုက်ရှုပ်ခြင်းသာဖြစ်ပါ၏။
အမြင်ပသာဒလည်း လှပသပ်ရပ်ခြင်းမရှိပါ။
ပရိတ်အိုးတွင် မြေစာမြက်၊ ဆီးညွန့်၊ သြဇာရွက်ထည့်သွင်းခြင်းနှင့် စပ်လျဉ်း၍
အရှင်ဉာဏောဘာသ (အေးစေတီ၊ မင်းဘူး) ဆရာတော် က . . .
“ဆီးညွန့်၊ သြဇာရွက်၊ မြေစာမြက်များသည် လောကီဆရာများ၏အလိုသာဖြစ်သည်။
ကေသပုတ္တဇာတ်တော်တွင် ပရိတ်ပန်းဟူသည် ဘာပန်း ညာပန်းဟူ၍ အထူးမဆိုပါ။
ပရိတ်အိုးတွင် ပနံတင့်အောင် ပန်းများစိုက်ထူထားဟန်တူပါသည်။
မြေသစ်၊ အိမ်သစ်တွင်ဖြစ်စေ၊ လူမမာအတွက်ဖြစ်စေ ပရိတ်တရားနာယူ ကမ္မဝါရွတ်ဖတ်သရဇ္ဈာယ်စေလိုပါက
ဒကာ၊ ဒကာမတို့ဘက်မှ ဗုဒ္ဓဘာသာပီပီ သန့်သန့်စင်စင် လပ်ကိုင်ဆောင်ရွက်ထားဖို့လိုပါသည်။
ထိုသို့လုပ်ကိုင် ဆောင်ရွက်နိုင်အောင် တတ်သိနားလည်သည့် ဆရာတော်များထံ ချဉ်းကပ်လျှောက်ထား မေးမြန်းလေ့လာမှတ်သားသင့်ပါကြောင်း . . . .”
မိန့်တော်မူခဲ့ပါသည်။
မှော်ဘီသာသနာ့ဝန်ဆောင်ဆရာတော်ကြီး ကလည်း
ပရိတ်အိုးတွင် ဆူးခက်၊ သြဇာခက်၊ ဆီးညွန့်၊ သြဇာညွန့်တွေ ထည့်သွင်းခြင်းအပေါ်
အောက်ပါအတိုင်း သြဝါဒပေးတော်မူခဲ့ဖူးပါသည်။
“ပရိတ်ရွတ်တဲ့အခါ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ ဒါတွေပါရမယ်။
ဒါတွေကို သံဃာတော်တွေ မကြွလာခင် ကြိုတင်ပြင်ဆင်ထားနှင့်ရမယ်။
အခုတော့ ပရိတ်အိုးထဲမှာ ဆူးခက်တွေ ထည့်လိုထည့်၊ သြဇာခက်တွေ ထည့်လိုထည့်နဲ့
အတော်ကလေး မဟုတ်မဟတ်တွေ လုပ်နေကြတာ တွေ့ရပါတယ်။
ဆီးညွန့်တွေ့၊ သြဇာညွန့်တွေ ကို ထည့်တဲ့အလိုက သရဲကြောက်အောင်လို့တဲ့။
ဒါယိကာမကြီးတွေကို မေးကြည့်လို့ သူတို့ဆီကတစ်ဆင့် ဘုန်းကြီးသိရပါတယ်။
ဒါတွေက ဒီလောက် အစွမ်းထက်နေရင် ပရိတ်ရွတ်စရာလိုသေးလား။
ပြီးတော့ ပရိတ်တော်ကို အယုံအကြည့်နည်းသလို ဖြစ်မသွားဘူးလား။
ဒါကိုစဉ်းစားရမယ်။
ပရိတ်ရွတ်ဖတ်သူ၌ ပြည့်စုံရမည့် အင်္ဂါ ၃-ပါး
***************************
၁။ အနက်သဒ္ဒါကို သုတ်သင်၍ ကောင်းစွာသင်ယူထားခြင်း၊
၂။ ပုဒ်၊ ဗျည်းတို့ကို မယုတ်စေရ။ ပြည့်စုံအောင်လေ့လာကျက်မှတ်ထားခြင်း၊
၃။ လာဘ်လာဘကိုမငဲ့ မေတ္တာရှေ့ထား၍ ရွတ်ဆိုခြင်း - တို့ ဖြစ်သည်။
(ပါထိကအဋ္ဌကထာ၊ အာဋာနာဋိယသုတ် (၁၄၉) )
-------------------------------------------------------------
ပရိတ်နာသူ၌ ပြည့်စုံရမည့် အင်္ဂါ ၃-ပါး
************************
၁။ ပဉ္စာနန္တရိယကံမရှိခြင်း၊
၂။ နိယတမိစ္ဆာဒိဋ္ဌိမဟုတ်ခြင်း၊
၃။ ပရိတ်တန်ခိုးကို ယုံကြည်ခြင်း - တို့ဖြစ်သည်။
(မိလိန္ဒပဥှာ (၁၅၅) )
----------------------------------------------------------
“ရဟန်းတို့ . . .
အာဋာနာဋိယမည်သော အရံအတားကို သင်ယူကြ ကုန်လော့။
ရဟန်းတို့ . . .
အာဋာနာဋိယ မည်သော အရံအတားကို အဖန်ဖန်လေ့လာကြကုန်လော့။
ရဟန်းတို့ . . .
အာဋာနာဋိယ မည်သော အရံအတားကို ဆောင်ကြကုန်လော့။
ရဟန်းတို့ . . .
အာဋာနာဋိယ မည်သော အရံအတားသည် အကျိုးစီးပွားနှင့်စပ်၏။
အာဋာနာဋိယ မည်သော အရံအတားသည် ရဟန်းယောက်ျား၊ ရဟန်းမိန်းမ၊ ဥပါသကာ၊ ဥပါသိကာမိန်းမတို့၏ အကာအကွယ် အစောင့်အရှောက် ဖြစ်ခြင်းငှာ၊ ချမ်းသာစွာနေရခြင်းငှာ ဖြစ်၏”
(ဗုဒ္ဓ)
ပါတိကဝဂ် ပဠိတော် မြန်မာပြန် (နှာ ၀၁၉၄)
မင်းနန်(မော်ကျွန်း)
အမှောင်မှသည် အလင်းဆီသို့ (နှာ-၁၁၇) မှ
ကောက်နုတ်ပူဇော်ပါသည်။
No comments:
Post a Comment